မင်းတပ်မြို့ကို စစ်တပ်က ဗုံးအလုံး ၇၀ ကျော်ကြဲချ၊ လူနေအိမ်အချို့ ပျက်စီး

မင်းတပ်မြို့ကို စစ်တပ်က ဗုံးအလုံး ၇၀ ကျော်ကြဲချ၊ လူနေအိမ်အချို့ ပျက်စီး


ချင်းပြည်နယ်၊ မင်းတပ်မြို့နဲ့ ​မြို့ပတ်ဝန်းကျင်ကို စစ်အာဏာရှင်တပ်က ဇွန် ၁၇ ရက် တရက်တည်းမှာ ဗုံးအလုံး ၇၀ ကျော်ကြဲချခဲ့လို့ လူနေအိမ်တချို့ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတယောက်က “Y12 လေယာဥ်နဲ့ မနက် ၇ နာရီလော​က်ကနေ ၈ နာရီလောက်အထိ မင်းတပ် အရှေ့ခြမ်းကို ၄ လုံးတွဲ​ဗုံးတွေ ၁၇ ကြိမ် ကြဲတယ်။ ထိခိုက်ပျက်စီးတာ​တော့ မသိရသေးဘူး။ ညနေ ၆ နာရီလောက်မှာလည်း ဂျက်ဖိုက်တာ ၂ စင်းက မင်းတပ်အရှေ့ခြမ်းကိုပဲ ဗုံး ၂ လုံး ထပ်ကြဲတယ်။ ပြည်သူပိုင်အိမ် ၂ လုံး မီးလောင်နေပြီးတော့ အိမ်တချို့လည်း ပျက်စီးတယ်ဆိုတာ ကနဦး သိထားရပါတယ်” လို့ ပြောပါတယ်။

စစ်တပ်ဟာ မင်းတပ်မြို့ကို ပြန်လည်တည်ဆောက်ဖို့ ခက်ခဲအောင် တမင်ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတာလို့လည်း ဒေသခံက ဆက်ပြောပါတယ်။

မင်းတပ်မြို့နယ်အရှေ့ခြမ်းမှာ စစ်တပ်စစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းဘက်က အထိနာနေတယ်လို့လည်း ဆိုပါတယ်။

ယောဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “မြေပြင်တိုက်ပွဲတွေကတော့ အရင်ရက်က ငြိမ်နေသလိုရှိပြီး အခုတော့ ပြင်းပြင်းထန်ပါပဲ။ သူတို့ဘက်က တော်တော်လေး အထိနာနေတယ်။ ရှေ့ဆက်ပြီးတော့လည်း မတိုးနိုင်ဘူး။ ဒဏ်ရာရတဲ့သူတွေ များပြီး ကျောက်ထုဘက် ပို့နေတယ်။ မနေ့ကဆိုရင် တိုက်ပွဲဖြစ်နေတဲ့ကြားက ဆောဘက်နေ စစ်သား ၂၀ လောက် ကန်ပက်လက်ကို တက်တဲ့ ကားလမ်းအတိုင်း တက်လာပြီး လမ်းကြောင်းအခြေအနေကြည့်ရင်း ဓာတ်ပုံတွေလည်း ရိုက်သွားတယ်။ ထပ်ပြီးယုတ်မာဦးမဲ့ အခြေအနေတခုတော့ ရှိနေတယ်” လို့ ပြောပါတယ်။

ဇွန် ၁၇ ရက်၊ နေ့လယ် ၂ နာရီဝန်းကျင်ကလည်း ကျောက်ထုအခြေစိုက် စစ်တပ်လက်အောက်ခံ အမတ ၃၆၈ ထဲကို Y8 ထောက်ပို့လေယာဥ်တစင်း ဆင်းသက်ပြီး ခဲယမ်းနဲ့ ရိက္ခာတွေအပြင် စစ်သားအင်အား ၇၀ နီးပါးကို ချထားခဲ့ပြီး ဒဏ်ရာရသူ​ ၄၀ နီးပါးကို ပြန်လည်တင်ဆောင်သွားပါတယ်။

တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်သလို လေကြောင်းကနေ ဗုံးတွေ နေ့စဥ်မပြတ် ကြဲချနေတာကြောင့် ဒေသခံပြည်သူတွေ၊ စစ်ဘေးရှောင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း လေကြောင်းအန္တရာယ် သတင်းတွေနဲ့ မြေပြင်စည်းကမ်းချက်တွေကို လိုက်နာကြဖို့ မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *