ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ် ဘဝခရီးနှင့် အကျဉ်းကျခံ နှစ် ၂၀ (Timeline)

ဇွန်လ ၁၉ ရက်ဟာ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ သူ့ရဲ့ ၈၁ နှစ်တာ ဘဝခရီးမှာ နှစ်ပေါင်း ၂၀ နီးပါး စစ်အာဏာရှင်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ဒီနေ့အထိ ၁,၉၆၅ ရက်ကြာ ထိန်းသိမ်းခံနေရဆဲ ဖြစ်ပါတယ်။
ဒါပေမဲ့ သူကို ဖမ်းဆီးချုပ်နှောင်ထားတဲ့ တည်နေရာနဲ့ ကျန်းမာရေးအခြေအနေကို စစ်အာဏာရှင် ဘက်က ထုတ်ဖော်ပြောကြားခြင်း မရှိသေးသလို လွတ်လပ်စွာ အတည်ပြုနိုင်ခြင်းလည်း မရှိသေးပါဘူး။
ဒါကြောင့် သားဖြစ်သူ ကင်မ်အဲရစ် ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိနေကြောင်းနဲ့ သူ့ရဲ့အခြေအနေကို လွတ်လပ်စွာ အတည်ပြုနိုင်ရေး တောင်းဆိုတဲ့ “Proof of Life” လှုပ်ရှားမှုကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းရှိ နိုင်ငံအသီးသီးမှာ လုပ်ဆောင်နေကြတယ်။